သီပေါမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်

သီပေါ  စက်တင်ဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် (၉)နာရီခွဲအချိန် က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား  လစဉ် ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာများ ပေးခဲ့ကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် အသိပညာပေးခြင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင်လည်း ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)