မောင်တော မတ် ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီ အချိန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်တရားရုံး၊ မြို့နယ်ဉပဒေရုံး၊ ဆောက်လုပ်ရေးရုံးတို့တွင် မတော်တဆ မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျ အသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး၊ လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ရုံးဌာနများရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲ မှုရှိမရှိ၊ လျှပ်စစ် ဝါယာကြိုးများ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံး ပြုစေရေး၊ ရှေးဦးမီးငြိမ်းသတ်ဆေးဘူးများတွင် (လေပေါင်) ရှိ/မရှိ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေသိုလှောင်ကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ပါရန် ကွင်းဆင်း စစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)