မိုင်းဆတ်မြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် ဘိုးဘွားလူမှုရေးပင်စင် အသိပညာပေးသင်တန်း ဖွင့်လှစ်

မိုင်းဆတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် ဘိုးဘွားလူမှုရေး ပင်စင် အသိပညာ ပေးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက သက်ကြီး ရွယ်အို များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးစောင့်ရှောက်မှုများ၊ သက်ကြီးရွယ်အို ဆိုင်ရာ ဥပဒေ များ၊ သက်ကြီး ရွယ်အို များ၏ အခွင့်အရေးများ၊ မိဘဘိုးဘွားများနှင့် စရိတ်ထောက်ပံ့ခြင်းနှင့် ကြည့်ရှု စောင့်ရှောက်ခြင်း တာဝန်များ၊ သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့်ကိုင်ဆောင် အသုံးပြု ခွင့်များ၊ သက်ကြီးရွယ်အိုများအား မတရားပြုကျင့်ခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည့် အချက်များကို သင်ကြား ပို့ချပေးခဲ့ပြီး မိုင်းဆတ်မြို့ရှိ အသက်(၈၀)နှစ်မှ (၈၅)ကြား သက်ကြီးဘိုးဘွား (၇၃)ဦး နှင့် အသက် (၈၅)နှစ်ပြည့် သက်ကြီးဘိုးဘွား(၆၆)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စက်တင်ဘာလ အတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သူ (၂၉)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)