ကျောက်ဆည် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာ၊ ကျောက်ဆည်-တံတားဦး ကားလမ်းဘေးတွင် ကျူးကျော်နေထိုင်သည့် ဒေါ်မာရီ၏ လူနေတဲအိမ်တွင် စက်တင်ဘာလ (၁) ရက် နံနက် (၆) နာရီ (၄၅) မိနစ်အချိန်ခန့်က အိပ်ယာဘေးတွင် ခြင်ဆေးခွေမီးထွန်းထားရာမှ အနီးရှိ ခေါင်းအုံးအားမီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၁၅) ဦးတို့သည် မီးငြိမ်းသတ်ယာဉ် (၂) စီး၊ DCP 2 kg (၃) ဗူးနှင့် ကျေးရွာပြည်သူများဖြင့် အတူဝိုင်းဝန်ငြိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် (၂၀ x ၁၅) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေတဲအိမ် (၁) လုံး၊ (၁၀x၁၀) သွပ်မိုးထရံကာ၊ ပျဉ်ခင်း၊ မြေစိုက်လူနေတဲအိမ် (၁) လုံး၊ (၁၀x၁၀) ပေသွပ်မိုး၊ ထရံကာ၊ ဝါးခင်းမြေစိုက်တဲအိမ် (၁) လုံး၊ (၅x၅) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေတဲအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်းဖိုး (၂၅၇၅၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ကျောက်ဆည်မြို့မရဲစခန်းမှ အိမ်ရှင်ဒေါ်မာရီ(ဘ)ဦးမင်းအောင်အား (ပ)၆၅၉/၂၀၂၀၊ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)