ပူတာအို မတ် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လပတ် ပြည်နယ်မီနီဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံ ပြည်သူများ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို မတ်(၂၉)ရက် မွန်းလွဲ (၂)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဧမာနွေလအေဂျီ ဘုရားကျောင်းဝင်း ဆန်းဒေးစကူးလ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်း က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဆွေလှိုင်ဦးက လတ်တလောလုပ်ကိုင်မည့် စုပေါင်းအသင်းအဖွဲ့လုပ်ငန်းမှစ၍ ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်စေချင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကောင်ဧမာနွေလအေဂျီအသင်းတော် သင်းအုပ်ဆရာကြီး သိက္ခာတော်ရ ဖလားဒီးရမ်က သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှရရှိသည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ ဆရာမ ဒေါ်ခန်ထီးမေရမ်က သင်တန်းဖွင့် လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားကာ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် သည်။ ထို့နောက် ခရိုင်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန သင်တန်းနည်းပြ ဒေါ်ခင်ဇာခြည်သန့်က သင်တန်းသူများအား လူသုံးကုန်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းကို ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းနှင့် ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်း (၁၀)မျိုးကို သင်တန်းကာလ ငါးရက်ကြာ သင်တန်းသူ(၂၀)ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပေး ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလနှင့် မေလများတွင်လည်း ဒေသခံပြည်သူအများ တောင်းဆိုလေ့ရှိသော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ဝါးလက်မှုအခြေခံသင်တန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဖုန်ကန်(ပူတာအို)