စစ်တွေ မတ် ၃၀
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုညှိနှိုင်း အစည်းအဝေးသည် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျရောက်မည့် ၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ကာလအတွင်း မိမိတို့ပြည်နယ်အစိုးရ အဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင်သာမက ခရိုင်နှင့်မြို့နယ်များတွင်ပါ သင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ ဘေးကင်းစွာနှင့်ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ရန်၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်မည့် အခြေအနေ၊ အပြုအမူ၊ ဝတ်စားဆင်ယင်များကို ရှောင်ရှားကြရန်နှင့်ပတ်သက်၍ စည်းကမ်း သတ်မှတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များကိုလည်း သတ်မှတ်ထုတ်ပြန်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း၊ မိမိအနေဖြင့် နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရန် အများပြည်သူ လုံခြုံစိတ်ချစွာနှင့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရန် ဆန္ဒရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများသာမက ပြည်သူလူထုနှင့်ပါ အတူတကွပူးပေါင်းပြီး နှစ်သစ်ကူး အတာသင်္ကြန်အခါသမယကို ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းနိုင်ကြရန် အထူးအလေးထား မှာကြား လိုပါကြောင်းနှင့် အတာသင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ရောက်လာကြသော ကော်မတီဝင်များက စိတ်ရောကိုယ်ပါ အားတက်သရော ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများက မိမိတို့ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုနှင့် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လမ်းလျောက်သင်္ကြန် ကျင်းပနိုင်ရေး၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားကြားရေးတို့နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများဖြစ်ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းတာဝန်ပေးထားသည့် ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို လိုအပ်သကဲ့သို့ အဖက်ဖက်ကအသေးစိတ် အချိန်မီအောင် ကော်မတီ အချင်းချင်းချိတ်ဆက်ကာ ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)