မတ္တရာမြို့နယ်၌ CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံငွေများပေးအပ်

မတ္တရာ စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief plan (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ဦးစီးမှူး ဦးအောင်လွင်ဦးမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဒေါ်နန္ဒာအောင်မြင့်မှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးစိန်ရမှ မတ္တရာမြို့နယ်အတွင်း (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောတာဝန်ရှိသူများမှ ပထမ အကြိမ်အဖြစ် အရည်အသွေးကောင်းမျိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် မျိုးစေ့ဖိုးအပြင် ပြုစုခအတွက် တစ်ဧကလျှင် (၈၅၅၀၀) ကျပ်နှုန်းဖြင့် ၂၀၅၀ ဒသမ ၃၀ ဧကအတွက် (၁၇၅၃၀၀၆၅၀) ကျပ် အထွက်ကောင်းစပါးမျိုးစေ့ထုတ်တောင်သူများအတွက် တစ်ဧကလျှင် (၈၃၅၀၀) ကျပ်နှုန်းဖြင့် (၈၉၄) ဧကအတွက် (၇၄၆၄၉၀၀၀) ကျပ် စုစုပေါင်းတောင်သူ (၅၃၆) ဦး၏ ၂၉၄၄ ဒသမ ၃၀ ဧကအတွက် ကျပ် (၂၄၉၉၄၉၆၅၀) အား မိုးစပါးမျိုးစေ့ထုတ် တောင်သူများပေးအပ်ရာ တောင်သူများလက်ခံရယူခဲ့ကြသည်။

ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် တောင်သူ ၅၃၆ ဦးအား (၄) ကြိမ်ခွဲ၍ သတ်မှတ်ထားသော နေ့ရက်၊ အချိန်များအတိုင်း ထုတ်ပေးသွားမည်ဖြစ်ပြီး မျိုးကွဲ ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခြင်းအတွက်ကိုလည်း ဒုတိအကြိမ်အဖြစ် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)