ဘူးသီးတောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေး

ဘူးသီးတောင် မတ် ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရာတနာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ စာစစ်ဌာန( ၅)ခုမှကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးမှ အမှာစကား ပြောကြားရာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုချိန် ကာလအတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးတို့အတွက် အသံချဲ့စက်များ၊ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ ဖွင့်လှစ်ခြင်းကို ပိတ်ထားမှာဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူးများအတွက် Mask ( ၁၅၀၀၀)ကျော်စီစဉ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကျော်ကျော်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ကို လည်းကောင်း၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက စာစစ်ဌာနများ၌ ကျန်းမာရေးဝန်ထမ်းများ တာဝန် ချထား ပေးမည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအား အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌အထက(၁)(ဘူးသီးတောင်)၊ အထက(၂)ဘူးသီးတောင်၊ ထခွဲလ(၂) ဘူးသီးတောင်၊ ထခွဲလ(၃)ဘူးသီးတောင်၊ အထက(လက်ဝဲဒက်ပုဇွန်ချောင်း) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၅)ခုဖွင့်လှစ် သွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ(၂၁၃၉)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

လှကျော်(ပြန်/ဆက်)