ကျောက်တော်မြို့တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး

ကျောက်တော် မတ် ၂၉

ကျောက်တော်မြို့တွင် ၂၀၂၁- ၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ယနေ့နံနက် (၁၀)နာရီ အချိန်က တာဝန်ရှိသူများမှသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွှန့် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး နှင့်တာဝန်ရှိသူများ ကစာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထားရှိမှုနှင့် လုံခြုံမှုရှိစေရေး၊  ကျောင်းသား/သူများ စာမေးပွဲလာရောက်ဖြေဆိုရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ အပြင်စည်း၊ တွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများ အလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဖြူဖြူဝင်း