မလှိုင် စက်တင်ဘာ ၁
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP )အရ မိုးစပါး ( Rs To Cs ) မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုင်းသန်းအောင်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်းမှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု (၁၂) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများထံသို့ ထောက်ပံ့ငွေ များပေးအပ်ခဲ့သည်။
မလှိုင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ဆောင်ရွက်မည့် ဧကပေါင်း (၂၂၅) ဧကရှိပြီး အထွက်ကောင်းမျိုး (HY V )(၂၁ဝ) ဧကနှင့်အရည်အသွေးကောင်းမျိုး (HQV) (၁၅) ဧကကို ကျေးရွာအုပ်စု(၁၂) အုပ်စုရှိ တောင်သူ (၁၁၁) ဦးနဲ့အကောင်ထည်ဖေါ်ဆောင်ရွက်သွားမှာ ဖြစ်သည်။ အဆိုပါနေ့က အထွက်နှုန်းကောင်း မိုးစပါးမျိုးစေ့ထုတ် တစ်ဧကလျှင် ငွေကျပ် (၁၄၈၅ဝဝ)နှုန်း၊ အရည်သွေးကောင်းမွန်သည့် မိုးစပါးမျိုးစေ့ထုတ် တစ်ဧကလျှင် ငွေကျပ် (၁၅ဝ၅ဝဝ) နှုန်းဖြင့် စုစုပေါင်းငွေကျပ်( ၃၃၄၄၂၅ဝဝ)ကို ထောက်ပံ့သွားမည်ဖြစ်သည်။ ပထမအရစ်အနေဖြင့် မျိုးစေ့ဖိုးနှင့် အပင်ပြုစုစရိတ်ထောက်ပံ့ ပေးသွားမှာဖြစ်ပြီး ဒုတိယအရစ်အနေဖြင့် မျိုးကွဲပယ်စရိတ်နှင့် သန့်စင်စရိတ်ကျန်ငွေများကို ထောက်ပံ့သွားမည် ဖြစ် ကြောင်း သိရသည်။
အောင်ဌေး( မလှိုင် )