ကျောက်မဲ မတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံနိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် မြို့ကျက်သရေဆောင်ခန်းမ၊ နောင်ပိန်ကျေးရွာအုပ်စု၊ မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့ စသည့်ဆေးထိုးစုရပ် ၄ နေရာတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးများ ပုံမှန်ထိုးနှံ ပေးလျက်ရှိသည့်အပြင် ကျေးရွာများသို့ မိုဘိုင်းဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူဦးရေ ၁၀၉၈၂၆ ဦးရှိပြီး မတ်လ ၂၇ ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၆၀၇၉ ဦးရှိ ဖြစ်ကြောင်း ကာကွယ်ဆေး လွမ်းခြုံမှုအရ ၆၀ ဒဿမ ၄၀ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျောက်မဲမြို့ ကွန်ဖြူးရှပ်ကျောင်းတွင် အသက် ၁၈ နှစ်အထက် ဝန်ထမ်းနှင့် အသက် ၆၅ နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster များ ထိုးနှံ ပေးလျက်ရှိကြောင်း ကိုဗစ်ကော်မတီမှ သိရသည်။
မိုင်းထွန်း