တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်

တောင်ဥက္ကလာပ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က အမှတ်(၄)ရပ်ကွက် ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းဆုံနှင့် နန္ဒဝန်ဈေးတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းဆုံတို့တွင် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ်မော်တော်ယာဉ် စစ်ဆေးအရေးယူရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် နန္ဒဝန်စျေးရှေ့တွင်လည်း စျေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)