အလုံ မတ် ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စီမံချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြေပြင်ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံခန်းမတွင် အသက်(၁၈) နှစ်အထက် ပြည်သူ(၈၈)ဦးအား ပထမအကြိမ် (First Dose)ထိုးနှံခြင်းနှင့် (၅၀) ဦး တို့အား ဒုတိယအကြိမ် (Second Dose) ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၂၅၅၀၄)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ (၂၄၁၈၁) ဦးရှိပြီဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်ရက်များအလိုက် သက်ဆိုင်ရာရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
တင်တင်ချို