ကျောက်မဲ မတ် ၂၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မတ် ၂၅ ရက်နေ့က စတင်ပြီး ဘောလုံးကစားနည်း၊ မြန်မာ့သိုင်း၊ ကရာတေး၊ အေရိုးဗစ်နှင့် စားပွဲတင်တင်းနစ် ကစားနည်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်များ ဗလ ၅ တန်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အဆိုပါ သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိဖြစ်ပြီး နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ သင်ကြားသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းများသို့ လူငယ်ပေါင်း ၁၆၀ ဦးခန့် တက်ရောက်သင်ယူလျက်ရှိကြောင်း ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းထံမှ သိရသည်။
အလားတူ ကျောက်မဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတွင်လည်း အသက် ၁၂ နှစ်အောက် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်လျှက်ရှိပြီး လူငယ် ၁၂၀ ဦးခန့် တက်ရောက် လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)