ကျောက်မဲမြို့ပေါ်ရှိ ပိုးသတ်ဆေး အရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ ရောင်းချနေသည့် အရောင်းဆိုင် ၅ ဆိုင်အား ယနေ့နံနက် ၉ နာရီ အချိန်က  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည်  စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များ၏  ပိုးသတ်ဆေးများသိုလှောင်ထားရှိမှုအခြေအနေများ၊ အဆိုပါပိုးသတ်ဆေးများတွင် ကုန်အညွှန်း အမှတ်အသား ပါရှိမှု ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး ဆိုင်ရောင်းချ သူများအား ပိုးသတ်ဆေးများ သိုလှောင်ရာတွင် မြေဩဇာများနှင့် ရောနှောထားခြင်းမပြုရန်၊ လူနေအိမ်များတွင် သိုလှောင်ခြင်း မပြုရန်တို့ကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၅)ကြိမ်မြောက် အစည်းအဝေးမှ "ပိုးသတ်ဆေးရောင်းချ သူများသည် ပိုးသတ်ဆေးများသိုလှောင်ရာတွင် မြေဩဇာနှင့်ရောနှော မထားရ၊ လူနေအိမ်အတွင်း သိုလှောင်မထားရ"ဟူ၍ ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကွင်းဆင်း စစ်ဆေးအသိပညာပေးရခြင်းဖြစ်ကြောင်း ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)