မြစ်ကြီးနား စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၁၃၃)ရုံ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မြေအတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၁၁)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ(၇)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရေ(၈)ဦး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရေ(၁၀)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ(၉)ဦးရှိပြီး ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး၊ လီဆူတိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး၊ ရဝမ်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားလှယ်လောင်းများ အမည်စာရင်းများအား မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းသီတာအောင်ထံမှ သိရှိရသည်။
ယော်ဆောင်(ပြန်/ဆက်)