ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲရုံ ပြုလုပ်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ် အတွင်း မဲရုံထားရှိမည့်နေရာများကို မြို့နယ် တာဝန်ရှိသူများမှ ယမန်နေ့ ညနေ ၄ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကွင်းဆင်း စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဌေးနိုင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်၍ မြို့နယ် အတွင်း ရပ်ကွက်အလိုက် မဲရုံပြုလုပ်မည့်နေရာများတွင်  မဲရုံ အကျယ် အဝန်း၊ လုံခြုံရေး၊ ပတ်ဝန်းကျင် အနေအထား၊ COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများစနစ်တကျ ဆန္ဒမဲပေးနိုင်ရေး တို့ကို ကြည့်ရှု ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် လူဦးရေသုံးသောင်းကျော် နေထိုင်လျက်ရှိရာ မြို့နယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာချက်အရ (၂၄၉၅၁) ဦး ရှိပြီး၊ မြို့နယ် ကိုယ်စားပြု လွှတ်တော် အသီးသီးတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ် လောင်း (၃၅)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)