ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်အသီးသီးအတွက် ပါဝင်ယှဉ်ပြိုင် အရွေးခံမည် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှေ့တွင် ကပ်ထားကြေညာ လျက်ရှိ သည်။
အဆိုပါ ကပ်ထားကြေညာရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း (၅)ဦး၊ တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် လောင်း (၇) ဦး၊ ကရင်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦးနှင့် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် လောင်း (၆)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း(၃၅)ဦးမှ သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉) ရပ်ကွက်ရှိပြီး၊ လူဦးရေ သုံးသောင်းကျော် နေထိုင်လျက်ရှိရာ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာချက်အရ မြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ(၂၄၉၅၁)ဦးရှိကြောင်းနှင့် ဆန္ဒမဲပေးနိုင်ရန် မဲရုံ(၃၅)ရုံ သတ်မှတ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)