အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အဝတ်နှာခေါင်းစည်း (၈၀၀၀၀)ခု အား လာရောက်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (၈၀၀၀၀)ခုအား လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ် စောင့်ကြည့်စင်တာတွင် လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင် ရန်အတွက် မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်သံရုံးမှ လူကြီးဝတ်နှာခေါင်း စည်း(၅၀၀၀၀)ခုနှင့် ကလေးဝတ် အဝတ်နှာခေါင်းစည်း(၃၀၀၀၀)ခု စုစုပေါင်း အဝတ် နှာခေါင်းစည်း (၈၀၀၀၀) ခု လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်မိုးနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ထို့နောက် လှူဒါန်းရရှိခဲ့သည် အဝတ်နှာခေါင်းစည်းများအား အင်းစိန်မြို့နယ်အတွင်းရှိ အ.ထ.က(၈)ကျောင်း၊ အ.လ.က(၁၂)ကျောင်း၊ အ.မ.က(၃၀)ကျောင်းနှင့် ဘကကျောင်း(၃) ကျောင်းတို့ကို ကလေးဝတ် အဝတ်နှာခေါင်းစည်း(၃၀၀၀၀)ခု၊ လူကြီးဝတ် အဝတ်နှာခေါင်း စည်း (၄၈၀၀၀) ခုအား အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ အခြေခံလူတန်း စားများအား လှူဒါန်းသွားမည်ဖြစ်ပြီး လူကြီးဝတ် အဝတ်နှာခေါင်းစည်း(၂၀၀၀)ခုအား ဝန်ထမ်းများသို့ လှူဒါန်းသွားမည်ဖြစ်သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)