ဖယ်ခုံ စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊မိုးဗြဲဈေး၌ Covid-19 ရောဂါဖြစ်ပွားမှု မရှိစေ ရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပညာပေးလုပ်ငန်းများကို မိုးဗြဲဈေးနေ့ (ဒေသ၏ငါးရက်တစ်ဈေး)တွင် မြို့နယ် Covid-19 ရောဂါ အသိပညာ ပေးရေး ပူးပေါင်းအဖွဲ့များက ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မဖြစ်မနေအပြင်ထွက်ပါက Mask တပ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်သာနေရန် စသည်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် Hand Spaker ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဈေးလာသူများ အတွက် လက်ဆေးရန်ဘေစင်များ ထားရှိပေးခြင်း၊ နှာခေါင်းနှင့် ပါးစပ်စည်း Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်း၀င်စေခြင်း၊ နှာချေ၊ ချောင်းဆိုး၊ ဖျားနာ နေသောသူများ၊ အသက် ၆၀ နှင့်အထက်ရှိသူများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် ဈေး၀ယ်ထွက်ခြင်း မပြုရန်၊ တစ်နေရာ တည်းတွင် စုပြုံမ၀ယ်ကြရန် စသည့်စည်းကမ်းချက်များ ချမှတ်ထားပြီး လိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေအရ လည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ လည်းကောင်း အရေးယူမည်ဖြစ်ကြောင်း မြို့နယ် (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှသိရှိရသည်။
အဆိုပါပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုးဗြဲ ကျေးရွာအုပ်စုမှ တာ၀န်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၀င်မျာနှင့် လူမှုရေးအသင်းအဖွဲ့၀င်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)
မောင်မောင်ထွေး(ပြန်/ဆက်)