ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်စေရေး လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာ များဖန်တီးခြင်းဆိုင်ရာ လက်​တွေ့အသုံးချနည်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်

ရန်ကုန် မတ် ၂၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများလုပ် ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီးသတင်းရေးသားနည်းပညာကျွမ်းကျင်မှုအရည်အသွေးမြင့်မားလာစေရန်နှင့် သတင်းမီဒီယာဆောင်ရွက်နေသောဝန်ထမ်းများ အရည်အသွေးမြှင့်မားလာ စေရေးတို့အတွက် လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများအတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်းကျွမ်းကျင်မှုသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထု အခြေပြု ဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယမန်နေ့နံနက်၉နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သည်။

အဆိုပါ သင်တန်းသို့ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြား​ရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီး၊ ညွှန်ကြား​ရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့်လူမှုကွန်ယက်နှင ဒီဂျစ်တယ်မီဒီယာများအတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်​တွေ့အသုံးချနည်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သတင်းမီဒီယာဆောင်ရွက်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင်ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရေးသားနိုင်ရန်အတွက် သတိပြုလိုက်နာရမည့် အ​ကြောင်းအရာအချက်အလက်များ၊ သတင်းမီဒီယာဥပ​ဒေ၊ နည်းဥပ​ဒေနှင့်တည်ဆဲဥပ​ဒေ​များ ကိုလိုက်နာလျက်ကျင့်ဝတ်နှင့်အညီ သတင်းရယူရေး သားဖော်ပြကြရန်၊ ဒီဂျစ်တယ်နည်းပညာ၊ ခေတ်မီအိုင်တီနည်းပညာကို အသုံးချပြီးလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် စနစ်တကျ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ ရွှေရန်ကုန်မီဒီယာတာဝန်ခံအယ်ဒီတာ ဦးဌေးလင်းက သင်တန်းပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် လူထုအ​ခြေပြုဗဟိုဌာန(Community Centre)များတွင်ပြည်သူများအတွက် အကျိုးပြု​စေမည့် ဘာသာစကားသင်တန်းများ၊ အသက်​မွေးဝမ်း​ကျောင်းဆိုင်ရာ အ​ထောက်အကူပြုသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အစည်းအ​ဝေး၊​ ဆွေး​နွေးပွဲများနှင့်ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်​ ဆောင်ရွက်​ပေးလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဌာနအတွင်းရှိ ဝန်ထမ်း (၄၀)ဦးတက်ရောက်သင်ကြားပြီး စ​နေနှင့်တနင်္ဂ​နွေ​နေ့ (၂)ရက်တွင် နံနက် ၉ နာရီမှ ည​နေ ၃ နာရီအထိရုံးတက်ချိန်မထိခိုက်​စေဘဲ​ဖွင့်လှစ်သင်ကြား​ပေးသွားမည်ဖြစ်သည်။

သင်တန်းတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသားများ အားကိုယ်အပူချိန်တိုင်းတာခြင်း၊လက်သန့်ဆေးရည်ဖြင့်လက်သန့်စင်ခြင်း၊နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးထားကာစိတ်ချမ်းမြေ့စွာ သင်ယူနိုင်ကြကြောင်းသိရသည်။

​အောင်မြင့်(ပြန်/ဆက်)