ချောင်းဆုံမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများကို သင်တန်းသား/သူ (၁၁၇)ဦးအား ဖွင့်လှစ်သင်ကြားပေး

ချောင်းဆုံ မတ် ၂၇

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး နွေရာသီအားကစားသင်တန်းများကို မြို့နယ် အားကစားကွင်းရှိ အားကစားရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်ပြီး မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင်အားကစား သမားများ ပေါ်ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် အားကစားအတတ်ပညာများရရှိစေရန် ရည်ရွယ်ပြီး အားကစား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်သက်ငုံဖူးက ပြောသည်။

အားကစားနည်း (၄)မျိုးအား မတ်လ(၂၄)ရက်နေ့မှ ဧပြီ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး အားကစားနည်းအလိုက် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများက နည်းပြအဖြစ် နည်းစနစ်မှန်ကန်စွာ သင်ကြားပေးလျက်ရှိပြီး ရိုးရာခြင်းလုံးအားကစားနည်းကို (၁၀)ဦး၊ မြန်မာ့သိုင်း (၃၈)ဦး၊ တိုက်ကွမ်ဒို(၄၉)ဦးနှင့် Fitness Dance (၂၀)ဦး စုစုပေါင်း သင်တန်းသား/သူ (၁၁၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)