ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း(၄၃)ဦးထိရှိလာ

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း (၄၃)ဦးထိရှိလာပြီး ယခင်(၂၀၁၅)ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြသည့် ကိုယ်စားလှယ် လောင်းအမည်စာရင်းထက် (၁၃)ဦး ပိုတိုးလာကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းထုတ်ပြန် ကြေညာမှုများကို သြဂုတ်လ(၃၀)ရက်နေ့မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စု(၅၉)အုပ်စုရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးများတွင် ကြေညာထားရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီ(၆)ခုတို့မှ ကိုယ်စားလှယ် လောင်း (၆)ဦးနှင့် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း(၁)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)အတွက် နိုင်ငံရေးပါတီ(၇)ခု တို့မှ ကိုယ်စားလှယ်လောင်း(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နေရာ အတွက် နိုင်ငံရေးပါတီ(၆)ခုတို့မှ ကိုယ်စားလှယ်လောင်း(၆)ဦးနှင့် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း (၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)နေရာအတွက် နိုင်ငံရေးပါတီ(၇)ခုတို့မှ ကိုယ်စား လှယ်လောင်း(၇)ဦးနှင့် တစ်သီး ပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၁)ဦး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် ကိုယ်စားလှယ် လောင်း(၇)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ရခိုင် တိုင်းရင်းသားလူမျိုး) နေရာအတွက် ကိုယ်စားလှယ်လောင်း(၆)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု(၅၉)အုပ်စုတို့တွင် မဲရုံပေါင်း (၁၁၆)ရုံ ထားရှိသွားမည်ဖြစ်ရာ ပထမ အကြိမ်မြောက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာ တွင် မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသား(၅၉၁၅၆)ဦး၊ အမျိုးသမီး (၆၆၀၆၈)ဦး စုစုပေါင်း(၁၂၅၂၂၄) ဦးရှိကြောင်းသိရပြီး ထပ်မံ၍ ပုံစံ(၃)ဖြင့်လျှောက်ထားသူ(၄၀၂၀)ဦး၊ ပုံစံ(၄)ဖြင့် လျှောက်ထား သူ (၆၂၃) ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ(၂၃၂၂)ဦးထိရှိ ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)