မောင်တော မတ် ၂၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် မကျဉ်းကုန်းကျေးရွာ၌ ငွေတောင်ဆည်မှ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းက ကျေးရွာ ရေပေးရေးလုပ်ငန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျတ်တွင် ပြည်ထောင်စု အစိုးရရန်ပုံငွေ (၁၁၆.၃၆၅)သန်းဖြင့် ကျေးရွာပေါင်း(၇)ရွာ၊ ပြည်နယ်အစိုး ရရန်ပုံငွေ (၃၁၈.၅၁၆)သန်း ဖြင့် ကျေးရွာပေါင်း(၂၂)ရွာ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ (၄၃၄.၈၈၁) သန်းဖြင့် ကျေးရွာပေါင်း (၂၉)ရွာကို ရေဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ယခုအခါ မကျည်းကုန်းကျေးရွာတွင် အိမ်တိုင်လာရောက် ရေပေးရေး လုပ်ငန်းကို ခွင့်ပြုငွေကျပ် (၃၀.၈၄၀)သန်းဖြင့် ဂစ္ဆပနဒီ နဒီလှိုင်ကုမ္ပဏီမှ ဆောင်ရွက် ပေးခဲ့ပြီး အိမ်ခြေ(၁၄၀)၊ လူဦးရေ (၇၃၀)ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ကျေးရွာသူ/သားများ အနေဖြင့် အိမ်တိုင်လာရောက်ရေပေးရေးလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် စသည့်တိုကို ရှင်းလင်းပြောကြားပြီးနောက် မကျည်းကုန်းကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းက ဖွင့်ပွဲအခမ်း အနား အမှတ်တရ အလံငယ်များကို တာဝန်ရှိသူများထံ ပေးအပ်ပေးပြီး အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းတို့ကဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသောသူများမှ ကျေးရွာအတွင်း ရေမီတာများ တပ်ဆင်သုံးစွဲနေမှုများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)