ဥတ္တရသီရိမြို့နယ်တွင် ပြန်လည်စွန့်လွတ်မြေမှ လူနေထိုင်ရန်အတွက်မြေကွက်များအား မဲစနစ်ဖြစ်ရွေးချယ်ပေး

ဥတ္တရသီရိ စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် အမှတ်(၈)လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ပြန်လည်စွန့်လွတ်သည့်မြေမှ တောင်သူများအား ကျောင်းစုတိုးချဲ့ရွာမြေအဖြစ် နေရာချထားပေးမည့် မြေကွက်များအား မဲစနစ်ဖြင့် ရွေးချယ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မရမ်းခုံကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက မဲစနစ်ဖြင့် ရွေးချယ်ပေးရခြင်းနှင့် ပတ်သက်၍ အမှတ်(၈) လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်းမှ ပြန်လည်စွန့်လွတ်မြေ (၁၈၆) ဧကအနက် တောင်ညို ကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စု၊ မိုးစွေကျေးရွာအုပ်စုမှ တောင်သူများ အတွက် လူနေထိုင်ရန်အတွက် (၇.၈၀)ဧကအား မြေကွက်များအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ဧက များအား တောင်သူများအတွက် ပုံစံ(၃)နှင့်ပုံစံ(၇)များအား ပေးအပ်ပြီးဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားပြီး တောင်သူ(၈၅)ဦးမှ မိမိတို့နေထိုင်ရန်မြေကွက်များအား မဲနှိုက်ရွေးချယ်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ် ကျောင်းစုတိုးချဲ့ရွာမြေအဖြစ် တောင်သူ(၂၀၀)ဦးအတွက် မြေကွက် (၂၂၀)ကို ယခုအပါအဝင် စုစုပေါင်း တောင်သူ(၁၀၅)ဦးအား မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် တောင်သူများအတွက် မြေနေရာကွက်များကိုလည်း ဆက်လက်ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)