တံတားဦး မတ် ၂၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ တစ်ကြိမ်မှ မထိုးနှံသေးသူများကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌ လည်းကောင်း၊ ကျေးရွာ အသီးသီးတို့၌ လည်းကောင်း ဆေးထိုးစုရပ်များ ဖွင့်လှစ်ပြီး စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
ကျွန်တော့်အမည်က ဦးကျော်သူ ဖြစ်ပါတယ်၊ တံတားဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ မကျီးတောမှာ နေထိုင်ပါတယ်၊ အသက်ကတော့ (၆၃)နှစ်ရှိပါပြီး၊ အလုပ်အကိုင်ကတော့ တောင်သူ လုပ်ငန်းလုပ်ကိုင် ပါတယ်။
ကျွန်တော်က ဆေးထိုးချင်နေတာတော့ကြာပါပြီ။ ဘာကြောင့် မထိုးဖြစ်ဘဲ ကြာနေလဲဆိုတော့ အချို့လူတွေက အရပ်ထဲမှာ၊ လိုင်းပေါ်မှာ ဟိုပြောဒီပြောပေါ့နော် ဆေးထိုးပြီးရင် မူးတယ်၊ နေမကောင်း ဖြစ်တယ် ဘာညာအစုံပြောနေတာကြားနေလို့ နည်းနည်းတော့ကြောက်မိတယ်။ လေးလေး အသိတွေထဲက ဆေးထိုးပြီးတဲ့ လူတွေဆီမှာ သေချာစုံစမ်းကြည့်မှ ကောင်းတယ်၊ အဆင်ပြေတယ် ဆိုတာသိရတော့ စိတ်ချလက်ချ လာပြီးထိုးရဲသွားတာ၊ ဒီဆေးထိုးပြီးရင် လူအများကြားထဲ ဘယ်သွားသွား၊ ဘယ်လာလာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပေါ်ကိုလည်း အပြည့်အဝ ယုံကြည်လာတယ်၊ ကာကွယ်ဆေး ထိုးနှံပြီးတဲ့သူ များလေလေပိုပြီး ကာကွယ်နိုင်လေလေဆိုတော့ လာရောက်ထိုးနှံကြဖို့ တိုက်တွန်းချင်တယ်၊ အခုလို ကာကွယ်ဆေး ထိုးပြီးတဲ့အခါကျတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ထဲအေးချမ်းလုံခြုံသွားသလို ခံစားရပါတယ်။ အခုဆိုအိုမီခရွန် ရောဂါကြားနေရတော့ ပိုပြီးကြောက်လာတယ်၊ ကာကွယ်ဆေး မထိုးရသူတွေလဲ လာရောက်ထိုးနှံကြဖို့ ပြောကြားချင်ပါတယ်။ ဒီမှာဆေးထိုးလာရတာ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ ကာကွယ်ဆေးထိုးဖို့အတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် လေးလေးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
တွေ့ဆုံမေးမြန်းသူ။ ဘိုမောင်(ပြန်/ဆက်)
မှတ်တမ်းတင်သူ။ ရဲတင့်