မုဒုံမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းများဖွင့်လှစ်

မုဒုံ မတ်၂၅

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား သင်တန်းများကို ယမန်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဒေသတွင်းမှ ထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများ  ပေါ်ထွက်လာစေရန်၊  နွေရာသီ ကျောင်းပိတ်ရက်များတွင်  ကျောင်းသားလူငယ်များ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်စေရန်နှင့် အားကစား အတတ်ပညာများ ရရှိစေရန် ရည်ရွယ်၍ အားကစားသင်တန်းများကို    ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ် (အား/ကာ)မှူး ဒေါ်နွယ်နီစံ ထံမှ သိရသည်။

အားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ဘတ်စကစ်ဘော၊ အေရိုးဗစ်၊ Fitness Dance များပါဝင်ပြီး အားကစား နည်းများအလိုက် မြို့နယ်(အား/ကာ) ဆပ်ကော်မတီ အသီးသီးမှ နည်းပြများနှင့် လက်ရွေးစင်ဟောင်းများ နည်းပြ (၁၂)ဦးက ယမန်နေ့မှ ဧပြီလ (၁၀)ရက်နေ့အထိ ကျောင်းသား/သူ သင်တန်းသား စုစုပေါင်း (၉၀)ဦး သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)