နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် မတ် ၂၅

နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပုရွက်ဆိတ်ကုန်း ကျေးရွာရှိ ရွာဉီးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနား၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင်  မိမိတို့အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို စဉ်ဆက် မပြတ်ဖော်ဆောင် လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပို့ချ ပေးခဲ့သည့် ပညာရပ်များကို ဆက်လက်လေ့လာ ဆည်းပူး အသုံးချစေလိုကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခု တတ်မြောက်ခဲ့သဖြင့် လက်တွေ့နယ်ပယ်တွင် တတ်မြောက်ခဲ့သည့် ပညာများနှင့် အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦး က လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူများ လက်တွေ့ချုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားသည်။

အဆိုပါသင်တန်းသို့ သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာမှသင်တန်းသား/သူ (၂၀) ဦးတက်ရောက်ပြီး အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစက်ချုပ်နည်း၊ လေးလွှာစက်ချုပ်နည်း၊ ရင်ဖုံးဖြတ်စက်၊ နောက်တွဲ၊ လက်မောင်း၊ လုံးကွက် အင်္ကျီသင်ကြားခြင်း၊ သင်္ဘောသားလျှာသင်ကြားခြင်း၊ ဖောက်အိတ်ကပ် သင်ကြားခြင်းနှင့် 3 MIN 4 MIN သင်ကြားခြင်း စုစုပေါင်း()မျိုးကို ()လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇော်ဖြိုး(ပြန်/ဆက်)