မအီ မတ်၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၂ခုနှစ် ၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကား ရာမြို့ပေါ်ရပ်ကွက်နေရာများ၊ ဈေးသည်ဈေးဝယ်များသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော် အစဉ်အလာ ကောင်း(၁၂) ရပ်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခံရသည့် စိုးမိုး(ပုသိမ်)၏ " နွေအလှ " ကဗျာ၊ ၂၀၂၁ ခုနှစ် ၊ မတ်လ ၂၇ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်သားများသို့ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ဗိုလ်ချုပ် အောင်ဆန်းပြောကြားသော မိန့်ခွန်းမှ "ပါဝင်ကူညီ" ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်များ ပါဝင်သည်။
ဖော်ပြပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ထုတ်ဝေသော သတင်းစားလက်ကမ်းစာစောင်ကို မအီမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ မြို့ပေါ်ရပ်ကွက်နေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။
မောင်မောင်ဌေး