မိုးညှင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် လူနေအိမ်(၁၅)လုံးပျက်စီးမှုဖြစ်ပွား

မိုးညှင်း မတ် ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ဘီလူးကျေးရွာအုပ်စုတွင် ယမန်နေ့ည(၁၀)နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းနှင့် လူနေအိမ် (၁၅)လုံးများအပါအဝင် အခြားပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘီလူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း၊ လူနေအိမ်(၁၅)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ စပါးကျီ (၄)လုံး၊ ကျေးရွာဇရပ် (၁)လုံး၊ ကွန်ကရစ်ဓါတ်တိုင် (၄၀)တိုင်တို့ ကျိုးကျပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်သည်များကို စာရင်းများကောက်ယူ၍ ထောက်ပံ့‌ပေးအပ်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)