ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအားကွင်းဆင်းစစ်ဆေးခြင်းနှင့် Mobile System ဖြင့် ကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင် မတ်   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းကို မတ် ၂၄ ရက် နံနက် ၈ နာရီက ဆီဆိုင် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်/အထွက် ဂိတ်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူ များအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်း ရှိ/မရှိနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား စစ်ဆေးရေးဂိတ်များအလိုက် Mobile System ဖြင့်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပထမ အကြိမ်ဆေးထိုးနှံပြီးစီးကြောင်း မှတ်တမ်းထုတ်ပေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်ထားမှု မရှိသူများအား နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မိဘပြည်သူများအား ခရီးသွားပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကိုင်ဆောင်သွားလာကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များကို တိတိကျကျလိုက်နာကြစေရေးအတွက် အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)