သိန္နီ မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အခြေခံအားကစားပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးရာတွင် ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း ပညာစသည့် အခြေခံအားကစားနည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလသည် (၂၄-၃-၂၀၂၂) ရက်နေ့မှ (၆-၄-၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်မှာ အားကစားကို စိတ်ပါဝင်စားသော လူငယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတက်မြောက်စေရန်၊ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး ပြည့်ဝသော မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ယခုလို နွေရာသီ ကျောင်းပိတ်ရက်အတွင်း အားကစားနည်းမျိုးစုံကို သင်တန်းဖွင့်လှစ်၍ သင်ကြားပေးရခြင်း ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီး ဒေါ်ပပဝင်းထံမှ သိရသည်။
စောဉမ္မာ(သိန္နီ)