မိုးနဲမြို့၌ ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၂) ဖွင့်လှစ်ပို့ချ

မိုးနဲ မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီစဉ်မှုဖြင့် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေ‌ရန် ရည်ရွယ်၍ အ‌ခြေခံရှေးဦးပြုစုခြင်းသင်တန်း (/၂၀၂) ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံ အားကစားရုံနေရာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့ပေါ် ၅ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဦးငိုဘွယ်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက  သင်တန်းဖွင့်လှစ် ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံများကိုသိရှိရန်၊ ကြက်ခြေနီတပ်ဖွဲ့ဝင် တိုးပွားလာစေရန် ၊ အခြေခံပညာကျောင်းများနှင့် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းဆိုင်ရာ နည်းပညာများ ပိုမိုသိရှိလာစေရန် ၊ ဘေးအန္တရာယ် ကျရောက်လာပါက ဆေးရုံမရောက်မီ အမြန်ဆုံးနှင့်အထိ ရောက်ဆုံး ကြိုတင်ကုသ ကာကွယ်ပေး နိုင်ရန်နှင့် ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန် စသည့် ရည်ရွယ်ချက်များ ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၃၀ ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်း နှင့် သင်တန်းနည်းပြများက ဒဏ်ရာ အမျိုးမျိုး၊ သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ လူနာစမ်းစစ်ခြင်း၊ ပတ်တီးစည်းနည်း စသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများကို သုံးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ