မိုးညှင်း မတ် ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မီဒီယာ သင်တန်းကျောင်း ပရဟိတအဖွဲ့တို့ပူးပေါင်း၍ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲက နန့်ပုတ်ကျေးရွာရှိ သတင်းမီဒီယာသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသိန်းထွန်းက တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ချိုချိုသန်းက မိသားစုအတွက် တစ်ပိုင်တစ်နိုင်စားသောက်ကုန်များ ထုတ်လုပ်နိုင်ပြီး ထိုမှတစ်ဆင့် Supermarket စျေးကွက်များသို့ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် မိသားစုဝင်ငွေများတိုးပွားလာစေခြင်းနှင့် မိုးညှင်းဒေသမှ ထွက်ရှိသည့် သီးနှံထွက်ကုန်ပစ္စည်းများအပေါ် မူတည်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုသင်တန်းတွင် ပို့ချပေးသွားမည့် အမျိုးအမည်များမှာ ငှက်ပျောခြောက်ကြော်၊ ငှက်ပျောဝိုင်၊ ဇီးဖျော်ရည်၊ သင်္ဘောသီးယို(ချဉ်/စပ်)၊ ကြက်ဥမြေပဲပွကြော်၊ အာလူးကြော်၊ ပေါက်စီ၊ မြေပဲယိုနှင့် ခရမ်းချဉ်သီးယိုစသည့် စားသောက်ကုန်(၁၀)မျိုးတို့ကို စာတွေ့ဖြင့်လည်းကောင်း၊ လက်တွေ့ဖြင့် လည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို သင်တန်းချိန်ကာလအနေဖြင့် (၅)ရက်တာကာလ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)