ရွှေကူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး

ရွှေကူ မတ် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉)နာရီမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ၂၀၂၂ ခုနှစ်၊ မတ် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ဘာသာတွဲအလိုက် သတ်မှတ်ထားသည့် အရောင်များဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်ပုံတင်(သို့မဟုတ်) အိမ်ထောင်စုစာရင်း (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ထောက်ခံချက်တစ်ခုခု ယူဆောင်လာရမည်ဖြစ်ပြီး ယာယီကတ်ပြားတွင် ကပ်ရန်အတွက် ပတ်စ်စပို့ဓါတ်ပုံ (၁)ပုံစီ ယူဆောင်လာကြရမည် ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများအလိုက် ကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွှေကူမြို့နယ်၌ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာနနှင့် အ.လ.က(ခုံခမ်း) စာစစ်ဌာနတို့ဖြင့် စာစစ်ဌာန(၃)နေရာတွင် အတွင်းဖြေကျောင်းသား၊ ကျောင်းသူ (၄၇၃)ဦး၊ အပြင်ဖြေကျောင်းသား၊ ကျောင်းသူ (၄၀၆)ဦး၊ စုစုပေါင်း (၈၇၉)ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)