ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသားကျောင်းသူလူငယ်များအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ

ထန်းတပင်(ရန်ကုန်) မတ် ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Commun ity Centre)ခန်းမတွင် စာပေချစ်မြတ်နိုး သူပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် Talk Show အစီအစဉ်များ ဆောင်ရွက်ကာ Online မှတဆင့် အသိပညာပေး ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ အများပြည်သူများနှင့် လူငယ်များအတွက် အကျိုးရှိစေမည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ကျောင်သား၊ ကျောင်းသူများနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုလှိုင်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး Talk Show အစီအစဉ်ကိုလည်း ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်ချိုချိုတင့်က ထန်းတပင်မြို့နယ်တွင် လျှပ်စစ်ကြောင့် မီးလောင်မှုအန္တရာယ်များမဖြစ်ပွားစေရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွဲဝေ သုံးစွဲမှုနှင့် လျှပ်စစ်ဓာတ်အားခများပေးဆောင်မှုအခက်အခဲများရှိပါက မြို့နယ်လျှပ်စစ်ရုံးသို့ တိုက်ရိုက်ဆက်သွယ်၍ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း လျှပ်စစ်မီးများသွယ်တန်း အသုံးပြုရာတွင် စနစ်တကျ အသုံးပြုရေးတို့ကို အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးနိုင်ဦးက မီးလောင်မှုများမဖြစ်ပေါ်စေရေး သတိပြုလိုက်နာရမည့်အချက်များနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံနည်းစနစ်များကို ကျောင်းသား၊ ကျောင်းသူများနှင့် စာပေချစ်မြတ်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြိမ်းသတ်နည်းကို ပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)