ပူတာအိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ပူတာအို မတ်၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများကိုယ်ပိုင် တစ်ပိုင်တစ်နိုင်စီပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဧမာနွေလအေဂျီ ဘုရားကျောင်းဝင်း ဆန်းဒေးစကူးလ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ကောင်ဧမာနွေလ အေဂျီအသင်းတော် သင်းအုပ်ဆရာကြီး သိက္ခာတော်ရ ဦးဖလားဒီးရမ်က ကြိုဆိုနူတ်ခွန်းဆက်စကားနှင့် အားပေးစကား ပြောကြားသည်။

ယင်းသင်တန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်း၏ လမ်းညွှန်မှု ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူအများ တောင်းဆိုလေ့ရှိသော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းတွင် ဆပ်ပြာရည်ပြုလုပ်နည်း ငါးမျိုး၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း နှစ်မျိုး၊ ဆပ်ပြာခဲပြုလုပ်နည်း နှစ်မျိုးနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်း စုစုပေါင်း (၁၀)မျိုးကို သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ကောင်ဧမာနွေလ အေဂျီအသင်းတော်မှ သင်တန်းသူစုစုပေါင်း (၂၀)ဦးတို့အား သင်တန်းနည်းပြဆရာမ ဒေါ်ခင်ဇာခြည်သန့်က စာတွေ့ (၃၀)ရာခိုင်နှုန်း လက်တွေ့ (၇၀)ရာခိုင်နှုန်းဖြင့် သင်တန်းကာလ ငါးရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဖုန်ကန်