နမ့်ခမ်းမြို့၌ သစ္စာစီမံချက်ဖြင့် ​ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၁၀၀၀)ကျော် ပေးအပ်

နမ့်ခမ်း      သြဂုတ်       ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိဒေသခံတိုင်းရင်းသား ပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က  နမ့်ခမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က “(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပမယ့် ပါတီစုံရွေးကောက်မှာ အသက်(၁၈)နှစ်ပြည့်သူတိုင်းနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း အချက်အလက်များ မှန်ကန်စွာ မဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးအပ်လျက်ရှိကြောင်းနှင့် နိုင်ငံသားတိုင်းတွင် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ခရီးသွားလာခြင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မရှိမဖြစ် လိုအပ်ကြောင်းရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က မြို့နယ်အတွင်း သွားလာရန်ခက်ခဲသည့် ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ကွင်းဆင်းဆောင်ရွက်သည့်အချိန်တွင် ခရီးလွန်ပြီး ကျန်ရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနသို့ လာရောက်လုပ်ဆောင်နိုင်ကြောင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ အနေဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များပြည့်စုံစွာ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်လိုစိတ်ရှိလာရန် စည်းရုံးပေးရန် လိုအပ်ကြောင်းရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး နမ့်ခမ်းမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းလွင်က နမ့်ခမ့်မြို့ရှိ မြို့ပေါ်ရပ်ကွက် (၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ (၄၇)အုပ်စု  နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနိုင်ပြီး  ယခုတွင် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ကျေးရွာအုပ်စု (၁၀) အုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ စုစုပေါင်း(၁၀၀၅)ကတ် ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း (ပြန်/ဆက်)