မောင်တော မတ် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁-၂၂၀၂ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့နံနက် ၉ နာရီ အချိန်ကစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနတွင် ထုတ်ပေး နေပြီဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.ထ.က(တောင်ပြို) ကျောင်းများ၌ စာစစ်ဌာန(၃)ခုဖွင့်လှစ် ထားရှိသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ ၆၄၉ ဦးနှင့် အလွတ်ဖြေ ကျောင်းသား/သူ ၇၈၁ ဦး စုစုပေါင်း ၁၄၃၀ ဦးရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်များအား ယနေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် စာမေးပွဲ ဖြေဆိုချိန် မတိုင်မီအချိန်ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းတွင်းဖြေ ကျောင်းသား/ သူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ(၁)ပုံ နှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ(၁) ပုံ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ “နေထိုင်ကြောင်း” ထောက်ခံချက်များ ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)