မိတ္ထီလာ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန် အတွက် ပျိုးပင်များ အခမဲ့ဖြန့်ဝေနိုင်ရန် ပျိုးပင်ပေါင်း ကိုးသောင်း ပျိုးထောင် ထားရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန် အတွက် နှစ်စဉ်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်များ ပျိုးထောင်ပြီး မြို့နယ် အတွင်းရှိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ အခြေခံပညာ စာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးလျက် ရှိသည်။ ထိုသို့ ဖြန့်ဝေပေးလျက်ရှိရာမှ ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်နှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ် များ၊ စာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျေးရွာပိုင် နှစ်ဧက စိုက်ပျိုးခြံတို့အတွက် အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပေါက်ချောက် ရပ်ကွက်၊ ရိပ်သာရပ် မြို့မ-လူထုဖြန့် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၉၀၀၀၀ ပျိုးထောင်ထားရှိသည်။
ယင်းသို့ ပျိုးပင်များ ပျိုးထောင်ရာတွင် နှစ်ရှည်ခံနှင့် အရိပ်ရအပင်များဖြစ်သည့် ယူကလစ်၊ မယ်ဇလီ၊ လျော်ဖြူ၊ စိန်ပန်း၊ တမာ၊ ရေတမာ၊ ယင်းမာ၊ ငုဝါ/ ငုစပ်၊ ဗန်ဒါ၊ စိန်တံချူ၊ သပြေဘူတ၊ ကုက္ကိုစ သည့် ပျိုးပင်များကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)