သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် ပဲဆီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

သီပေါ မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းကိစ္စရပ်များအခက်အခဲမရှိစေရန် ရည်ရွယ်၍ဆွမ်းဆန်တော်၊ ပဲဆီနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က ပန်စောက်မိန်းကျေးရွာ မြရွှေဂူဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။         

ထိုသို့ သွားရောက်လှူဒါန်းရာတွင် ဆန်(၄)အိတ်၊ ပဲဆီ(၂)ပုံး၊ ပါးစပ်နှာခေါင်းစည်း(Mask) (၄)ဘူး၊ လက်သန့်ဆေးရည်(Hand Spray) (၄)ဗူးတို့ကို ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့၊ ဦးစီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဆပ်ကပ်လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သီပေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ လစဉ်အလှည့်ကျ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေး