တောင်ကြီး မတ် ၂၅
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covidshield ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နောင်ကားကျေးရွာအုပ်စု၊ ဖက်ကွန်ကျေးရွာအုပ်စု၊ နန်းဟောင်းကျေးရွာအုပ်စု၊ ရွှေညောင်မြို့၊ မိုင်းသော်ကျေးရွာအုပ်စု၊ အေးသာယာမြို့၊ အမှတ်(၁၁)ရပ်ကွက်နှင့် ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စုနေပြည်သူများအား သတ်မှတ်စုရပ်နေရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၂၈ ရက်နေ့အထိ တောင်ကြီးမြို့နယ်အတွင်း ကျန်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း