ပုဇွန်တောင်မြို့နယ်တွင်  အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သွားရောက်ထပ်မံထိုးနှံပေး

ပုဇွန်တောင် မတ် ၂၅

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင်  ယမန်နေ့နံနက် (၁၀:၀၀)နာရီ က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(Covishield) သွားရောက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်များအရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်ဝင်းလိူင်နှင့်အဖွဲ့ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်နေရာအဖြစ် အမှတ် (၉)ရပ်ကွက်အတွင်းရှိ ရေကျော်စျေးတွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဟန်စုယဉ်(ပြန်/ဆက်)