လှိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ရပ်ကွက်များအရောက် သွားရောက်ထိုးနှံပေး

လှိုင် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ရပ်ကွက်များအရောက် ယမန်နေ့နံနက်(၉း၀၀)နာရီအချိန်က သွားရောက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် လှိုင်မြို့နယ်(၄)ရပ်ကွက်၊ သီရိမင်္ဂလာစျေး(ရွှေပိတောက်ငါးစျေး)တွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid Shield)ပထမအကြိမ်ထိုးနှံသူစုစုပေါင်း(၁၈၇)ဦးရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ရာနှုန်းပြည့် ဆေးထိုးနှံရေး ရပ်ကွက်များအရောက် သွားရောက်ထိုးနှံပေးလျက်ရှိသည်။

လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်  (ပြန်/ဆက်)