သာစည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ပထမအရစ် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက်၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုင်းသန်းအောင်က ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ကြေးငွေ ပေးအပ်ရခြင်းအကြောင်းများနှင့် ထောက်ပံ့ပေးအပ်မှုပုံစံများကို ရှင်းလင်း ဆွေးနွေး သည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးငွေက ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မြို့နယ်အတွင်း မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်ကျေးရွာ ၁၀ ရွာတွင် တောင်သူ ၁၉၂ ဦးတို့က မိုးစပါးမျိုးသန့်မျိုးစေ့ ထုတ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ဧက ၂၈၅ ဧက အတွက် ပထမအရစ်အဖြစ် တစ်ဧကလျင်ငွေကျပ် ၈၃၅၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက တောင်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် တောင်သူများ ကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ဌာနဆိုင်ရာ များနှင့် ကျေးရွာ ၁၀ ရွာမှတောင်သူများတက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)