ကျောက်ဖြူ မတ် ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက စတင်ကာ အ-ထ-က(၁)၊ အ-ထ-က (၂)၊ အ-ထ-က(၃) အခြေခံပညာ အထက်တန်း ကျောင်းများရှိ အစည်းအဝေး ခန်းမများ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းပြည် ချစ်စိတ်ထက်သန်စေရေး ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေဖို့ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေး လျက်ရှိရာ ကျောင်းသား၊ ကျောင်သူများ အနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများကြွယ်ဝပြီး ဘက်စုံထူးချွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာရန် သုတ၊ရသ စာပေများကိုလည်း လေ့လာဖတ်ရှုရမည် ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင်များဖြစ်လာမည့် သားကောင်း ရတနာလေးများသည် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်အောင် အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ်၊စာစောင်များကို အခမဲ့ဖတ်ရှု ငှားရမ်းနိုင်ပြီး သင်တန်းများလည်း ဖွင့်လှစ်ပေး သွားမည်ဖြစ်ပါကြောင်း၊ လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရမည်ဖြစ်ပြီး၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်စေလိုကြောင်းစသည်ဖြင့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေက အားကစားနှင့်စိတ်ဓာတ်မြင့်မား ရေးခေါင်းစဉ်ဖြင့် လူငယ်များ ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စား ကြရေး၊ နွေရာသီအားလပ်ရက်ရှည် ကာလ၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက်အချိန်ကို အကျိုးရှိရှိအသုံးချစေရေးနှင့် အားက စားကဏ္ဍဆိုင်ရာ သိကောင်းစရာတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောက်ဖြူခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းတင်က စိတ်ဓာတ် ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တ ကောင်းမွန်အောင် ကြိုးစားကြရေး၊ စိတ်ကောင်းရှိအောင်၊ စိတ်အားအစဉ်အမြဲ လန်းဆန်းတက်ကြွနေအောင် စာရိတ္တကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရေး၊ လူတော်လူကောင်းများဖြစ်ပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြရေး စသည်တို့ကို ဟောပြောခဲ့ကြသည်။
ယင်းနောက် ကျောက်ဖြူခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အထက(၂)မှ ကာယဆရာမက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အခြေခံပညာကျောင်း (၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၅၀ ဦး ခန့်တက် ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)