မိုင်းခုတ် မတ် ၂၄
ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း(၁၀၀၀)ကာလ အတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့ပေါ် ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များနင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)များအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မိုင်းခုတ်မြို့ အတွင်းရှိ (Maternal and Child Cash Transfer – MCCT) အကျိုးခံစားခွင့်ရရှိသော အမှတ်(၁)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၂)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁)ဦး၊ အမှတ်(၂)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်(၂၄)ဦး နှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၃)ဦး၊ အမှတ်(၃)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်(၇)ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၈)ဦး၊ မိုင်းနင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်(၆၂)ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၃)ဦး၊ မိုင်းလုံးကျေးရွာ အုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်(၁၀၁)ဦးနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်(၁၅)ဦး၊ ဝမ်ကောင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်(၇)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၂)ဦး၊ စုစုပေါင်း ကိုယ်ဝန်ဆောင်မိခင်(၂၁၃)ဦးနှင့် အသက်(၂) နှစ်အောက် ကလေးငယ် (၄၉)ဦးရှိရာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ကိုယ်ဝန်(၂)လ ရှိသူများအား တစ်လလျှင် (၅၀၀၀)နှုန်းဖြင့် (၁၅၀၀၀)ကျပ်၊ ကိုယ်ဝန်(၃)လရှိသူများအား တစ်လလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀၀၀) ကျပ်နှင့် ကိုယ်ဝန်(၄)လအထက် ရှိသူများအား တစ်လလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၁၂၅၀၀၀)ကျပ်ကိုလည်းကောင်း၊ အသက်နှစ်နှစ်အောက် ကလေးတစ်ဦးလျှင် တစ်လ (၁၅၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၀၅၀၀၀)ကျပ်ကို ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ အာဟာရ ပြည့်ဝစေရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း