ပုဗ္ဗသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့ ပူးပေါင်း၍ "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ"ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အကျင့်စာရိတ္တ ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်များအနေဖြင့် ပညာတတ်ဖို့ ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ်)က မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေး ခေါင်းစဉ်ဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသည့် အကြောင်းအရာများနှင့် စာပေများ ဖတ်ရှုလေ့လာရန် ပြောကြားခဲ့ပြီး စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကျား၊မအခြေပြု အကြမ်းဖက်မှု ခေါင်းစဉ်ဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိတဲ့ ဓလေ့ထုံးစံတွေကိုအသုံးပြုတဲ့ အကြမ်းမှုများ အကြောင်းကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
"ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း နွေရာသီအားလပ်ရက်တွင် အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရေးအတွက် မိမိတို့ ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်၊စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ကြောင်း" ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူး ဒေါ်သန္တာလင်းထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)