ပူတာအို မတ် ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ကိုယ်စား အထက-ပူတာအို ကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွမ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ဘက်စုံထူးချွန်သည့် လူငယ်များ ဖြစ်စေလိုကြောင်း၊ စာပေဗဟုသုတတို့မှ လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်း ကောင်းများစွာရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ တာဝန်ပခုံးပြောင်းထမ်း ဆောင်ရမည့် လူတော်လူကောင်းများ ဖြစ်စေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက နွေရာသီကျောင်းပိတ်ရက် ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလအတွင်း ဖွင့်လှစ်သွားမည့် သင်တန်းများနှင့် လူငယ်များဘက်စ ဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး ပူတာအိုမြို့ နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့က Physical Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုးက လူငယ်များအနေ ဖြင့် ကျောင်းပညာရေးအပြင် အားကစားအထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်းနှင့် လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဟောပြောပြီး အဆိုပါ အခမ်း အနားသို့ တက်ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသူ၊ ကျောင်းသားများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော် နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)