ရန်ကုန် သြဂုတ် ၃၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စိစစ်ရွေးချယ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ ရာ သင်္ဃန်းကျွန်း မြို့နယ်မှ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီစုစုပေါင်း (၁၄) ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများအား ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က)များ ဖြင့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (၃၈)ခုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် လောင်း(၇)ဦး၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (ကရင်တိုင်းရင်းသားလူမျိုး) (၇) ဦးနှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (ရခိုင်တိုင်းရင်းသား လူမျိုး)(၆)ဦးဖြင့် စုစုပေါင်း ကိုယ်စားလှယ်လောင်း(၃၉)ဦးစာရင်းအား ကပ်ထား ကြေညာ ပေး ထားခြင်းဖြစ်ပြီး ဆန္ဒမဲပေးကြမည့်ပြည်သူများမှ ရွေးကောက်ပွဲမကျင်းပမီတွင် မိမိတို့ ဆန္ဒမဲပေးရွေးချယ်မည့် ကိုယ်စားလှယ် လောင်းများကို လေ့လာကာ ရွေးချယ် ပေးနိုင်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)